ကိုကို(သို့)ကစ်ကစ်ဆိုသောခွေကလေး
ကျွန်မတို့ အိမ်မှာအရင်ကခွေးတစ်ကောင်ရှိခဲ့ဘူးပါတယ်။ အမွှေးစုတ်ဖွားလေးနဲ တယ်ရီယာအမျိုးအစား လေးပါ။ အင်းယားလိတ်မှာ အလုပ်လုပ်ခဲ့တဲ့ ကျွန်မတို့အသိ ဘိုတစ်ယောက်က သူနိုင်ငံခြားပြန်သွားတဲ့အခါ ခွေးကို မခေါ်သွားဘဲ ဆေးထိုးသတ်ခဲ့မယ်လုပ်လို့ ကျွန်မတို့ ဦးလေးဖြစ်သူက မွေးစားမယ်ဆိုပြီး အိမ်ကို ခေါ်လာခဲ့ပါ တယ်။ ရောက်ခါစက နိုင်ငံခြားသားလက်ထဲမှာ ကြီးပြင်းခဲ့တဲ့ ခွေးပီပီ ဘိုလိုပြောမှ နားလည်ပြီး ကျွန်မတို့ ဧည့်ခန်းက ထိုင် ခုံတွေပေါ်တက်ထိုင်တတ်ပြီး ခွေးနံမည်က ကိုကိုဖြစ်နေလို့ အဖေ က လုံးဝကြည့်လိုမရပါ။ ဘာလို့လည်း ဆိုတော့ အမေကလည်း အဖေ့ကို (ကိုကို) လို့ ခေါ်တတ်လို့ ပါဘဲ။ ဒါနဲ့ဘဲ အဖေကြည်ဖြူအောင် ကစ်ကစ်လို့ အမည်ပြောင်း ပေးခဲ့ရပါတယ်။
ထမင်းကျွေးရင်လည်းမစားဘဲ အသားများနဲ့ အရိုးကိုသာတွင်တွင်စားသုံးသော ကစ်ကစ်ခမျာ ကျွန်မတို မြန်မာ အိမ်ကို ရောက်လာပြီးအနေကြာတော့ ငပိရည်ကိုပါမကျန်တွယ်တော့သည်။ ခွေးလူပျိုကြီးဖြစ်နေပြီး မည်သည့် ခွေးမနှင့်မှ သားစပ်လို မရအောင်ကစ်ကစ်က လူပျိုသိုးကြီးဖြစ်ပါသည်။ တစ်ခါက ကျွန်မတို့ နှင့်တစ်လမ်းကျော်မှ ခွေးမနှင့်စပ်ပေးရန် ခွေးမပိုင်ရှင်က ကမ်းလှမ်းလာတော့ ခွေးပေါက်လေးများကို လိုချင်လာသူပီပီ အားရ၀မ်းသာ လက်ခံခဲ့ရာ တယ်ရီယာခွေးမမှာ ဖဲပြားခေါင်းစည်းချည်ပြီး ပေါက်ချလာပါတော့သည်။ ခွေးမကို ကစ်ကစ်ထားရာ ပေါ်တီကိုထဲတွင်အတူထည့်ထားပြီး ကျွန်မတို့ ကလေးတစ်သိုက်ကတော့ တံခါးကြားမှ ချောင်းမြောင်းကြည့် ကြပါတော့သည်။ ကစ်ကစ်ဘာလုပ်မလဲပေါ့။ ခွေးလူပျိုကြီးကစ်ကစ်ခမျာ တစ်အီအီနှင့် ခွေးမမှာ ကြာတော့ စိတ်မရှည်တော့ဘဲ ကစ်ကစ်ကိုယ်ပေါ်က အမွှေးတွေကို ဆွဲကုတ်ပစ်သဖြင့် ကျွန်မတို့မှာ စိတ်နာနာနှင့် ခွေးမကို ပြန်ပို့လိုက်ရတော့သည်ပေါ့။ ခွေးစပ်ပွဲကဘယ်တော့မှ မအောင်မြင်ပါ။ ကစ်ကစ်လည်းလူပျိုသိုးကြီးဘ၀နင့် ပင် အရိုးထုတ်တော့မည်ပေါ့။ ထူးဆန်းသည်မှာကစ်ကစ်သည် ကြောင်များအားအလွန်ချစ်ပြီး လက်ပွန်းတစ်တီး နေတတ်ခြင်းပင်။ ကျွန်မတို့အိမ်က ကြောင်မကြီးက ကလေးမွေးသောအခါ ကစ်ကစ်နားမှာသွားမွေးပါသည်။ နံနက်လင်းတော့ ကြောင်မကြီးနှင့်ကြောင်းသားကလေးများက ကစ်ကစ်နဘေးတွင်အိပ်ပျော်နေသည့်အတွက် ကျွန်မတို့မှာကစ်ကစ်က လေးများကို ကိုက်မိမည်ဆိုးတာကြောင့် ကြောင်မကြီးမရှိသည့် နေ့လည်ချိန်တွင် ကြောင်သားပေါက်များကို နေရာပြောင်းထားလိုက်ပါတယ်။ ဒါပေမဲ့ ကစ်ကစ်ခမျာကြောင်ကလေးများကို ချစ်လွန်းတော့ ကျွန်မတို့ တံခါးဖွင့်ထားမိတဲ့တစ်နေ့မှာဘဲ ကြောင်သားလေးများကို ပြန်လည်ချီရွေ့ရာမှာ ကြောင်ကလေးများသေဆုံးကုန်ပါတယ်။
တိုတိုပြောရရင်တော့ ကစ်ကစ်ခမျာလူပျိုကြီးဘ၀နဲ့ အရိုးထုတ်သွားပြီး သူဆုံးသွားတဲ့နေ့မှာ ခွေးချစ်တဲ့ ကျွန်မ ညီမမှာ ငိုလို့မဆုံးပါ။ ကျွန်မကတော့ ခွေးမချစ်တတ်ပေမဲ့ အနေကြာတဲ့ သံယောဇဉ်တွေကြောင့် စိတ်မကောင်း အတော်ဖြစ်မိပါတယ်။ အခုထက်ထိ တော့ ကျွန်မတို့ ရဲ့ ရန်ကုန်အိမ်က ပထမဆုံးနဲ့ နောက်ဆုံးမွေးထားခဲ့တဲ့ ခွေးကလေးကစ်ကစ်ကို တိုက်ဆိုင်မှုရှိတိုင်းသတိရနေပါတယ်။

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home